Friday, November 7, 2008

နှင်းကျတဲ့ ပိတောက်ခြောက် ရာသီ



ဆောင်းမရောက်ခင် ငုဝါတွေ ပွင့်တော့မယ်
အဖြူရောင်နှင်းစက်လေးတွေ ငုဝါပွင့်လေးတွေပေါ်မှာ အ၀ါရောင်ပြောင်းသွားကြ
ဆောင်းရာသီရဲ့ မျက်ရည်စက်လေးတွေ
နှင်းသီးလေးတွေ…. ငိုကြ…
ငုဝါတွေပေါ် ရွာကျ…
ရာသီတွေ ကမောက်ကမ ပြောင်းသွားကြ

ပုန်းကွယ်ခဲ့တဲ့…. နွေ…
နေ ကို….. မျှော်ခဲ့တဲ့ နေကြာတွေ
တခင်းလုံး … ခေါင်းငုံ့ထားကြ…..

နေမထွက်တော့ရင် ….
နေကြာပန်းတွေ သေဆုံးသွားမလား….
အ၀ါရောင် ပန်းတွေ ကမောက်ကမ ပွင့်လန်းကြ

သင်္ကြန် မရောက်ခင် ပိတောက်တွေကို ကြိုလွမ်းကြ
သင်္ကြန် ရောက်ရင် ပိတောက်တွေကို ပန်ပြီး အလွမ်းဖြေကြ
သင်္ကြန် ပြီးရင် ပိတောက်ခြောက်တွေကို သိမ်းဆဲကြ

အ၀ါရောင်အလွမ်းတွေ တမြို့လုံး တောက်နေအောင်
ပိတောက်က မွှေးပြ … တန်ဖိုးကြီးပြ… သစ္စာရှိပြ……. ခဲ့…..မှကိုး

ပိတောက်တွေ ပျောက်ဆုံးသွားခဲ့ရင် ……
ငုဝါတွေကို ပန်ကြမလား ……….
ဟင့်အင်း….
ခြေဖ၀ါးလေးတွေကတောင်ငြင်းတယ်
ပိတောက်တွေ ခင်းတဲ့လမ်း သူလဲ လျှောက်ခဲ့ဖူးမှကိုး….
အစားထိုးမရတဲ့ အ၀ါရောင်တွေ ကမောက်ကမ ဖြစ်သွားကြ ။။။ ။။။

တကယ်လို့ …… နှင်းတွေ မကျတော့ရင် ……
ဆောင်းမှာ အ၀ါရောင်တွေ…. ပွင့်မလား …..
ရင်ဘတ်များ……. ကမောက်ကမ ဖြစ်ခဲ့ရ……….

အခွံ



နှင်း ခင်း ထဲက ကြာဖြူအရိပ်ကို
လက်ဖ၀ါးပန်းနုရောင် မညှိုးအောင် ခူးလို့
ရနံ့တွေ ၀တ်မှုံကူး ဒီရင် လောင်းရိပ်အောက်
အခွံနဲ့ အုပ်ထားခဲ့တယ်။

ရေထဲက လမင်းအရိပ်ကို ခြေဖျားလေး ခိုးခိုးနမ်းလို့
လပေါ်က ယုန်ဖြူကို တယုတယဖမ်း
နွေးထွေးတဲ့ အမွှေးနုနုလေးတွေ
အခွံနဲ့ အုပ်ထားခဲ့တယ်။

နဂါးငွေ့တန်းထဲက ကြယ်ဖြူအရိပ်ကို
ညလယ်ပျိုရဲ့ အပြာရောင် ရွှေမှုံတွေ တောက်ပအောင်ဖျားယောင်းလို့
ပ၀ါဖြူနဲ့ ထုတ်ပိုး နက္ခတ်တခွင်လုံးကျဲတဲ့ အလင်းတွေ
အခွံနဲ့ အုပ်ထားခဲ့တယ်။

အဲ့ဒီအခွံထဲမှာ
...............................
ရွှေမှုံတွေ ငွေ့ရည်ဖွဲ့လာတော့
ကြာဖြူဟာ လမင်းရဲ့ လည်တိုင်ကို ရစ်ပတ်ထားတယ်
ယုန်မွှေးနုလေးတွေ နှင်းခင်းထဲထိုးဝင်သွားတော့
ပ၀ါပါးဟာ အဖြူရောင်တွေဖြေလျော့ ဂန္တ၀င် နှင်းဆီတွေရဲ့ ဆူးနက်နက်ကိုပျိုးခဲ့တယ်

ဆောင်တတွင်းလုံးရဲ့ ရနံ့ဖြူဟာ
အေးခဲနေတဲ့ ခြေအိပ်လေးထဲက ချစ်သူဝတ်ဆင်ထားတဲ့ လမ်းမတွေကို
ဖန်လုံး အကြည်ရောင်လေးထဲကနေ ထုတ်ပေးလိုက်ရတယ်။
...............................
အဲ့ဒီအခွံထဲမှာ….

အခွံနဲ့ အုပ်ထားခဲ့တယ်။ ။။ ။။။။။။။။။။။။။။။။။။။။။

စိတ်ကင်ဆာ



ဘာတွေရှာနေမှန်းလဲမသိ…
ဘာတွေမြင်ချင်နေမှန်းလဲမသိတဲ့ ရင်ဘတ်တစ်ခုဟာ…….
စာရွက်တွေကိုပဲ အရှေ့အနောက် တဖျပ်ဖျပ် လှန်နေပါတော့တယ်။

ဆောင်းညမဟုတ်ပဲ တစ်ကိုယ်စာကွက်ပြီး အေးနေ မှောင်နေ... နှင်းတွေ ၀ဲနေအောင်ကျနေသလို ညမှာ…
ဒီရင်ဘတ်ကို စုပ်ဖြဲပြီး မီးလင်းဖိုထဲ တည့်ရှို့လိုက်ရင်များ………….. ငါ………………. နွေးလာနိုင်မလား။။။။။။။။
မသိတော့ဘူး။

လူနဲ့ အရိပ်နဲ့ လွဲ………
နားနဲ့ နှုတ်ခမ်းနဲ့ လွဲ……..
ပန်းနဲ့ ရနံ့နဲ့ လွဲ……..
နံရိုးတွေ လွဲ……….
ခြေစွတ်လေးတွေ ဘယ်ညာ လွဲ……..
Friday တွေ လွဲ….
အဲ့ဒီအလွဲတွေ….
တဖျစ်ဖျစ်မြည်အောင် လောင်နေပေမဲ့…. အခန်းလေးဟာ နွေးမလာခဲ့ဘူး။
လောင်စာ အလွဲတွေနဲ့ မီးလင်းဖိုလေးဟာ နွေးမပေးတတ်ဘူး…. တဲ့……

မျက်နှာချက်ပေါ်က တစ်လုံးတည်းသော…. အ၀ါရောင် မီးသီး
အလင်းမှိန်မှိန်……..
လှုပ်ရမ်းနေတဲ့ မီးကြိုးအောက်မှာ………… အ၀ါရောင်မီးတွေ
ငါကဖို့ထိုးပေးနေတာလို့………… အထင်မှားတဲ့ အဲ့ဒီလောဘက ငါ့ကို အသေသတ်။
မီးလုံးတစ်လုံးနဲ့ လူတစ်ယောက်…… ရထားတဲ့ အလင်းအမှောင် ။။။ ဘာမှ ငါ့အတွက်မဟုတ်ပြန်ဘူး…..တဲ့...

စိတ်အဆိုင်အခဲတွေ တဖွဲ့ ဖွဲ့ စု…..
နူးညံ့မှုတွေ အထပ်ထပ်ကွာကျ….
မျက်ထောက်ဟာ တနေ့တခြား နီလို့..... လာတယ်။
နှတ်ခမ်းပါးရဲ့ အသွင်ပြောင်းနေတဲ့ အပြုံး လောကသစ်ကိုပေးဖို့ လက်ဆောင်အဖြစ် ထုတ်ပိုးထားတယ်။
အစိမ်းရောင်….. နွယ်ရိုင်းတွေ….. ဒီရင်နံရံပေါ် အမြစ်တွယ်နေတာ ခွာချလို့ ………. မရတော့ဘူး။

တောထဲက... မြူတွေ………. မီးခိုးတွေ…… အခန်းထဲကို အလုအယက် တိုး... တိုး....၀င်လာကြ……….

စကားမပြောတတ်တဲ့ ဒိုင်ရာရီ အညိုရောင်လေး….
အသက်မဲ့တဲ့ စာရွက်ဖြူတွေပေါ်မှာ…
သူ့ အသက်ဖြစ်တဲ့ အသံတွေကို …………. ညရဲ့ မာနကြီးတဲ့ ၀ိညဉ်ဟာ…….
အဖုန်းတွင်းမှာ ……… သူ့ ဒိုင်ရာရီလေးကို ရက်ရက် စက်စက် လျှာဖြတ်ထားခဲ့တယ်….
အဖုန်းတွင်းမှာ ………
မျက်ရည်ပူငွေ့နဲ့ လောင်ကျွမ်းနေသော မှင်ပြာရောင် စကားများ…. အသံများ…..
ညလယ်ရဲ့ လရောင်အောက်မှာ………… အသွင်ပြောင်းဖို့ …..
တိတ်တစိတ် ………….
စောင့်။